ဂယာဝန်းကျင်


ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်တာမို့ နံနက်အစောပိုင်းတွင် ဂယာမြို့၌ ဦးဆုံး ဖြစ်ပေါ်ခဲ့သည့် မြန်မာကျောင်းရှိ ဆရာတော် သုံးပါးကို ဝါဆိုသင်္ကန်း ကပ်လှူ၍ သီလခံယူပြီးနောက် ဂယာမြို့ရှိ ရခိုင်ဘုန်းကြီးကျောင်းသို့ ထွက်ခဲ့လေသည်။ ကျောင်း အဆောက်အအုံ တချို့ ဆောက်လုပ်နေဆဲပင်။
ဂယာမြို့တွင် မြန်မာပြည်မှ လာရောက်တည်ဆောက်ထားသည့် ဘုန်းကြီးကျောင်း ၂၀ ကျော်နှင့် တရုတ်၊ ထိုင်း၊ တိဗက်၊ သီရိလင်္ကာ စသဖြင့် အခြားနိုင်ငံများမှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃၀ ကျော် ရှိသော်လည်း မြန်မာ ဘုရားဖူးများအနေဖြင့် ဘုန်းကြီးကျောင်း ၈ ကျောင်း၌သာ တည်းခိုနိုင်သေး၏။
ဘုန်းကြီးကျောင်းမှ အပြန် ဂယာမြို့ထဲရှိ ဂျပန်မှ တည်ထားသည့် ကမာကုရ ပုံတူ ဘုရားကြီးနှင့် ထိုင်းမှ တည်ထားသည့် ဘုရားတို့ကို ဝင်ရောက်ဖူးမျှော် ဖြစ်၏။
ဝါဆိုလပြည့်နေ့ ဖြစ်သည်အားလျော်စွာ ဗုဒ္ဓ ဖြစ်တော်မှုရာ မြေမြတ်မဟာ မဟာဗောဓိစေတီသို့ ထပ်မံ သွားရောက်ကာ ဗောဓိညောင်ပင်ရင်းတွင် စိတ်လက်အေးချမ်းစွာဖြင့် ညနေစောင်းအထိ ဂုဏ်တော်ကိုးပါး ရွတ်ပွားပြီး နေလေတော့သည်။
............. ။ ............. ။................ ။.............
ဗုဒ္ဓဘုရားရှင် ဖြစ်တော်မှုပြီးနောက် ဦးဆုံး ကြွချီသည့် ဗိမ္ဗိသာရမင်းကြီး၏ ရာဇဂြိုလ်မြို့သို့ နောက်တနေ့ နံနက်ခင်းအချိန်တွင် မိုးသည်းထန်စွာ ရွာနေသည့်ကြားမှ ထွက်ခဲ့သည်။
လမ်းတလျှောက် ဘေးဘယ်ညာရှိ ထန်းပင်များ၊ လယ်ကွက်များကြောင့် အညာဒေသသို့ ပြန်လည်ရောက်ရှိသကဲ့သို့ပင် ခံစားမိသည်။ မတူတာတခုက လမ်းများကောင်းမွန်နေခြင်းပင်။
တောရွာလေးများ တစ်ရွာပြီး တစ်ရွာ ဖြတ်သန်းရင်းပင် ကုလားအိမ်တချို့သည် အုတ်စီ၍ နံရံကို နွားချေးနှင့် ရွှံ ့ရောစပ်ပြီး သုတ်လိမ်းဆောက်လုပ်ထားသည့် ကောက်ရိုးအမိုးဖြင့် အိမ်ပုလေးများ တွေ့ရပြီး အလွန်ပင် ဆင်းရဲသည်ကို တွေ့ရ၏။
တောရော မြို့ပါ နေအိမ်များသည် မပြီးပဲ တန်းလန်းများအတိုင်း နေလို့ဖြစ်ရင် ပြီးရော ပုံစံများဖြင့် နေထိုင်နေကြသည်ကို တွေ့ရသည်။ အခွန်ရှောင်လို၍ ပြီးအောင် မဆောက်လုပ်ပဲ နေထိုင်ကြကြောင်း သိရပြီး ၎င်းတို့၏ အခွန်ရှောင်ပုံက တမျိုးပင်။
ဆောက်လုပ်သည့် အိမ်တိုင်းသည် ပုံတုံးကြီးများ ဖြစ်နေကြ၍ ကုလားတို့တွင် အလှအပ ခံစားတတ်သည့် အမြင်အာရုံ နည်းပါးသည်ဟု ထင်မြင်မိသည်။
လူတစ်ဦးတည်းက ကျောက်တောင်ကြီးကို ၂၁ နှစ်ကြာ လမ်းဖောက်လုပ်ခဲ့သည့် နေရာကိုလဲ တွေ့မြင်ခဲ့ရသည်။
၂ နာရီခန့် မောင်းနှင်ပြီးလျှင် ရာဇဂြိုလ်မြို့သို့ ရောက်ရှိလေ၏။ ရာဇဂြိုလ်မြို့အဝင်တွင် လှည်းများ သွားခဲ့သည့် အရာများ ယနေ့တိုင် ရှိနေသေးသည်။
ဆေးဆရာကြီး ဇီဝက နေအိမ်၊ ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချခဲ့သည့် အကျဉ်းထောင်နေရာ၊ အဇာတသတ် ဓာတ်တော်တိုက်၊ ဝေဠုဝန် ဥယျာဉ် နှင့် နာလန္ဒ ရှိ အရှင်သာရိပုတ္တရာ နေအိမ် တို့ကို လေ့လာပြီး ဂယာမြို့သို့ ပြန်ခဲ့တော့သည်။

၂၈-၇-၂၀၁၉













Comments