၄ ရက်မြောက်သောနေ့

ရန်ကုန်မြို့မှ သမိုင်းကြောင်းထဲက မြို့ကို ရောက်နေတာ ခုဆို ၄ ရက်မြောက်နေ့ပင် ရှိပြီ ဖြစ်၏။

အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့(Kolkata) ...။



နေထိုင်ရာအိမ်မှ ရုံးသို့ တစ်နာရီနီးပါး မောင်းရသဖြင့် လမ်းတလျှောက် ဟိုဟိုဒီဒီ ငေးစရာ ရလေ၏။ မော်တော်ကားလမ်းကြောင်းအနေဖြင့် မြန်မာပြည်နှင့် ကွာခြားချက်မှာ ဘယ်ဘက်ကပ်၍ ဦးစားပေး မောင်းနှင်ကြသည်ကို သတိထားမိ၏။
နေရာတိုင်းတွင် တိုက်တာအိုးအိမ်များ၊ လမ်းများ တည်ဆောက်လျက်ရှိနေဆဲပင်။ လျှပ်စစ်ရထားစီမံကိန်းအတွက် ဆောက်လုပ်ဆဲလမ်းများ မြင်တွေ့ရ၏။ ဘတ်စ်ကားစနစ်သည် ရန်ကုန်နှင့် တခြားစီပင်။ ရန်ကုန်က ပိုမိုသာလွန်လေ၏။ ရုုံးချိန်ဆို ကားပိတ်သည်က ရန်ကုန်မြို့နှင့် ထူးမခြားနားပင်။
Metro မြေအောက်ရထား ရှိသော်လည်း မကြုံကြိုက်သေးပေ။ လန်ချာများ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ကား အလွန်ပေါများလေ၏။ ကားစျေး အလွန်ပေါသဖြင့် မိသားစု တစုလျှင် အနည်းဆုံး ကား ၃ စီးမှ ၁၀ စီးအထိပင် ဝယ်ယူစီးနှင်ကြလေ၏။

ဒီမိုကရေစီနိုင်ငံ ဖြစ်သည်နှင့်အညီ ဆင်းရဲ ချမ်းသာ ကွာဟချက် အလွန်များသော နိုင်ငံအဖြစ်လည်း မြင်တွေ့ရ၏။

ကော်လ်ကတ္တား၏ အထင်ကရ Spencer's Supermarket တွင် စျေးဝယ်ရင် လေ့လာဖြစ်၏။ ဒံပေါက်ဆန် ခေါ် Basmati rice အလွန်ပေါပြီး စျေးချိုလေ၏။ ဒါ့အပြင် နွားနို့၊ ဒိန်ချဉ်၊ သံလွင်ခေါင်းလိမ်းဆီနှင့် အိန္ဒိယထုတ် ပစ္စည်းများ အလွန်ပေါများလေ၏။


စျေးဝယ်ပြီးပါက ပစ္စည်းပါဆယ် ယူရန် ပလပ်စတစ် ယူပါက ပိုက်ဆံပေးရ၏။ မြန်မာပြည်တွင် မရှိသည့် အပြုအမူ ဖြစ်သဖြင့် မကျေနပ်စိတ် ဖြစ်မိသေး၏။ မယူပါက ပေးရန် မလိုပေ။ ပလတ်စတစ် သုံးစွဲမှု လျော့ချလို၍ ပြုလုပ်မှန်း နောက်မှ သိရ၏။ နောက်တကြိမ်စျေးဝယ်လျှင် အိမ်က ရှိသည့်အိတ်ကို ယူသွားလျှင် အဆင်ပြေလေသည်။

ပိုက်ဆံရှင်းချိန် ဖုန်းနံပါတ်မေးလေရာ ဘုမသိဘမသိ ပေးခဲ့ရ၏။ ပေးထားသည့် ဖုန်းထဲ စျေးလျော့ပေးသည့် SMS ကြော်ငြာများ ပို့ပေးသည်ကို နောက်မှ သိရလေသည်။ တော်တော်ကောင်းတဲ့ အတွေးများပင်။

၁၆-၇-၂၀၁၈

Comments