ပထမအကြိမ်မြောက် ဂယာ




နံနက်ခင်းအချိန် နေအိမ်မှ ခပ်သုတ်သုတ် ထွက်ခဲ့ကြသည်။ ကော်လ်ကတ္တားမှ ဗုဒ္ဓဂယာသို့ သွားရာ
လမ်းတလျှောက်သည် နိုင်လွန်ကတ္တရားလမ်းနှင့် ကွန်ကရစ်လမ်း တို့ဖြင့် ဖြောင့်ဖြူးနေ၏။ အလွန်ကောင်းသော အဝေးပြေးလမ်းတခု ဖြစ်သည်ကို သတိထားမိသည်။
လမ်းများ ဖြောင့်ဖြူးနေသော်လည်း လမ်းပေါ်သို့ နွားများ လွှတ်ပေးထားခြင်းများ ရှိသဖြင့် ကားများအတွက် အလွန် အန္တရာယ်များလှပေသည်။ အတိုက်ခံထားရသည့် နွား ၂ ကောင်ရှိသည့်ကို လမ်းပေါ်တွင် တွေ့မြင်ခဲ့ရ၏။
ဂယာသွားရာ လမ်းတွင် နံနက်စာအတွက် ပူရီ ဆိုင်တခုတွင် ရပ်နား၍ မြေခွက်ဖြင့် ထည့်ပေးသော လက်ဘက်ရည်ကို သုံးဆောင်ကြ၏။


ခရီးတဝက်ကျော်ရှိ ဆိုင်တခုတွင် နေ့လယ်စာကို ကုလားချက် အနှစ်များသော ကြက်သားဟင်းကို မြည်းစမ်းခွင့်ရလေသည်။ အရသာ အတော်ပြည့်စုံပြီး စားလို့ ကောင်းသဖြင့် ဆိုင်ကိုပင် မှတ်သားခဲ့သေးသည်။

ကီလို ၅၀၀ နီးပါးကို ယာဉ်မောင်းသူ၏ ကျွမ်းကျင်မှုကြောင့် နာရီပေါင်း ၇ နာရီခွဲသာ မောင်းနှင်ရာ ညနေ ၄ နာရီအချိန်တွင် ဗုဒ္ဓဂယာသို့ ရောက်ရှိလေသည်။

ညပိုင်းတွင် ဗုဒ္ဓဂယာ မဟာဗောဓိစေတီကို သွားရောက်ဖူးမျှော်လေရာ စေတီတော်ကြီးအတွင်းရှိ ရုပ်ပွားတော်အား ပုံတော်များ ဖူးနေသော ဘဝမှ မျက်မြင်ဖူးခွင့်ရသဖြင့် ဖူးရင်းပင် အလွန်ကြည်ညိုရလေသည်။ စေတီတော်ကို လှည့်ပတ်ဖူးရင်းပင် ကျေနပ်ပီတိတို့ ဖြစ်ပေါ်ရသည်။ ဖူးပြီးရင်း ဖူးချင်စိတ် ဖြစ်မိတော့သည်။
စေတီတော်သို့ ဖုန်းများ ယူဆောင်ခွင့် မရသဖြင့် ဓာတ်ပုံပင် မရိုက်ခဲ့ရပေ။ ကြုံရဆုံရ ဆရာသမားများ၏ ကျေးဇူးကြောင့် ဗုဒ္ဓဂယာ ရောက်ခဲ့ပါပြီ။

၂၆-၇-၂၀၁၈

Comments