ရောက်တတ်ရာရာ


အချိန်က မှောင်စပျိုးချိန် ရောက်လို့နေသော်လည်း လမ်းပေါ် တွင် ကား၊ ဆိုင်ကယ်၊ လူပေါင်းများစွာဖြင့် စည်ကားနေဆဲပင်။

ကား အလွန်များပြီး နေရာတိုင်းတွင် လမ်းပိတ်ဆို့ နေသည်က များပေသည်။ မော်တော်ကား အများစုသည် ပြည်တွင်းဖြစ်များ ဖြစ်သဖြင့် ကားအသစ်များကို စီးနင်းနိုင်သည့် အခွင့်အရေး ရကြသည်။
အိန္ဒိယနိုင်ငံသည် Import သွင်းယူမှု မရှိသလောက် နည်းပါးလှသည်။ ပြည်တွင်းဝင်ငွေကို အထွက်မရှိအောင် ထိန်းနိုင်သော အစိုးရ ဖြစ်ပြီး လူထုကိုယ်တိုင်က အစိုးရ ကောင်းကြောင်း ချီးကျုး လေ့ရှိကြသည်။ မော်တော်ကား စျေးသည်လည်း မြန်မာပြည်နှင့် ယှဉ်လျှင် အလွန်စျေးချို လေ၏။
ဇိမ်ခံကား၊ ပစ္စည်းတင်ကား၊ ဘတ်စ်ကား၊ ကုန်တင်ကား၊ မြေသည်ကား စသဖြင့် ကားမျိုးစုံကို ပြည်တွင်း၌ပင် ထုတ်လုပ်လေသည်။ Metro ရထားကို ကော်လ်ကတ္တား၊ ဒေလီ၊ မွန်ဘိုင်း တို့တွင် ပြေးဆွဲလျက် ရှိလေသည်။

မြန်မာပြည်တွင်လည်း ရန်ကုန်၌ မိုးပျံရထား ပြေးဆွဲမည်ကို ဂျာနယ်များတွင် မကြာခဏ ဖတ်ရ၍ သူတို့ထက် သာမည်မှာ မကြာတော့ပါဟု ဖြေသိမ့်လိုက်သည်။

အိမ်ကနေ ငါးမိနစ်ခန့် လမ်းလျှောက်ထွက်မိလျှင် အလွန်စည်ကားသော ကုန်တိုက်ကြီးနှင့် စျေးဆိုင်များစွာကို မြင်တွေ့ရ၏။ နံနက်အစောမှ ညပိုင်းထိ ဖွင့်သော လမ်းဘေးစျေးကြီးပင် ဖြစ်သည်။ ရန်ကုန်မှာဆိုလျှင် ဖရေဇာလမ်းပေါ် လျှောက်နေရသကဲ့သို့ပင်။

ပန်းဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များ၊ ကုန်စုံဆိုင်များကို ကျော်၍ Big Bazaar ကုန်တိုက်ကြီးထဲသို့ ဝင်လိုက်သည်။ မြန်မာပြည်မှာဆိုလျှင် Junction တို့ Gandama တို့လို Shopping Center တစ်ခုပင် ဖြစ်သည်။

ရာသီအလိုက် ပစ္စည်းများကို Discount ချ ရောင်းချကြပြီး တခါတလေ ၅၀ % ၇၀ % အထိ ချရောင်းသည့် စျေးနှုန်းများ ကြည့်ပြီး ပျော်ရွှင် ရလေသည်။

နောက်တခု နှစ်သက်မိတာက ထုတ်ကုန်ပစ္စည်းတိုင်းပေါ်တွင် စျေးနှုန်းကို တခါတည်း ရိုက်နှိပ် ဖော်ပြထားခြင်းပင် ဖြစ်သည်။ လေ့လာစရာ အတော်များပေမယ့် ညပိုင်းအတော် ညဉ့်နက်လာ၍ အိမ်သို့ ပြန်ခဲ့တော့သည်။

၃-၈-၂၀၁၈






Comments