ဒုတိယအကြိမ်မြောက် ဂယာ



ကော်လ်ကတ္တားမှ ဂယာသို့ တနေကုန် ကားစီးရသလို မနက်အစောပိုင်း အိပ်ရာထ ထွက်ခဲ့ရသဖြင့် ညပိုင်းတွင် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျလေသည်။

အိပ်မောအကျလွန်ပြီး နံနက်ခင်း အရုုဏ်တက်ချိန် ဆရာတော် တံခါးလာခေါက်မှ နိုးလေ၏။ နံနက်စာ စားသောက်ပြီး မဟာဗောဓိစေတီတော်သို့ ထွက်ခဲ့သည်။ ဘုရားဖူးရာသီ ဖြစ်သည်အားလျော်စွာ စေတီတော်တွင် အလွန်စည်ကားလို့နေလေ၏။

ဗောဓိညောင်ပင်အောက်တွင် နေရာလွတ်ရှာဖွေ၍ ဗုဒ္ဓဂုဏ်တော်များနှင့် ပဋ္ဌာန်းတရားရွတ်ဖတ်ပူဇော်ပြီး တည်းခိုရာ မြန်မာကျောင်းသို့ ပြန်ခဲ့လေသည်။

နေ့လယ်ပိုင်းအချိန်၌ ဗုဒ္ဓမြတ်စွာဘုရား ပဋ္ဌာန်းတရား ဆင်ခြင်သုံးသပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးရာ စတုတ္ထသတ္တဌာနဖြစ်သော ရတနာဃရ (ရတနာစံကျောင်း)အား သီလရှင်ဆရာကြီးများ ဦးဆောင်၍ ပန်း၊ ဆီမီး ပူဇော်သည့် ကုသိုလ်ပွဲတွင် လုပ်အား၊ ငွေအားဖြင့် ပါဝင်ခွင့်ကြုံရလေသည်။
ယခုနှစ်အတွင်း အကြောင်းအကျိုးတိုက်ဆိုင်၍ ဝါဆိုလပြည့်နေ့အပြင် သီတင်းကျွတ် လပြည့်နေ့ပါ ဖူးမျှော်ခွင့် ကြုံရသဖြင့် ဝမ်းသာရလေသည်။

လပြည့်ညတွေဟာ ပြည့်စုံခဲ့ရပါပြီ။

၂၄-၁၀-၂၀၁၈






Comments